23 May 2008

Son Dam-bi ft Park Gae-hee, Bad Boy မြူးဇစ်ဗီဒီယို

ဒီနေ့တော့ အလုပ်နည်းနည်းရှုပ်နေလို့ ကိုးရီးယားသီချင်းမြူးမြူးလေးတစ်ပုဒ်နဲ့ပဲ ဧည့်ခံလိုက်ပါတယ်။ ကိုးရီးယား ပေါ့အဆိုတော်မလေး Son Dam-bi နှင့် ရပ်ပါ(rapper) Park Gae-hee တို့တွဲဖက်သီဆိုထားတဲ့ Bad Boy ( ကောင်ဆိုးလေး) သီချင်းဟာ ကိုးရီးယားမှာ တော်တော်စားနေပြီတဲ့။ ဒီဧပြီရယ်လတုန်းက Bad Boy ခေါင်းစဉ်နဲ့ပဲ သီချင်းခွေထုတ်ထားတာဖြစ်ပြီး ခုချိန်မှာရေပန်းစားနေတဲ့သီချင်းဖြစ်နေပါတယ်။

သူတို့ရဲ့ dance choreography ကို ဂျေသိပ်မကြိုက်မိပေမဲ့(သီချင်းနဲ့ ကကွက်က မလိုက်ဖက်သလို ကနေတဲ့သူတွေဝတ်စုံကလည်း မမိဘူး :D ) သရုပ်ဆောင်ထားတာကြည့်လို့ကောင်းပြီးသီချင်းကတော့ ခပ်မြူးမြူးနဲ့နားဆင်လို့ကောင်းပါတယ်။ ကြည့်လိုက်ပါအုန်းနော်....




...။

Read More...

22 May 2008

အတွေကြုံတွက် အချက်၅ချက်


ကားထဲတွင်ဖွင့်ထားသောရေဒီယိုသီချင်းသံက လေထဲတွင်လွင့်ပျံမျောပါလာသည်။ သီချင်းရဲ့  အပိုင်းအစကို ကျွန်မသေချာနားစွင့်ကြည့်တော့ ကောင်မလေးတစ်ယောက်ကိုမိခင်ဖြစ်သူက "ဒီအချိန်တွေကို သမီးတစ်နေ့ပြန်လွမ်းလာလိမ့်မယ်။ ခုအချိန်မှာ အပြည့်ဝဆုံးရှင်သန်လိုက်ပါ" ဆိုတဲ့ သီချင်းလေးဖြစ်နေတာသိရတယ်။

တခါက နာမယ်ကျော်စာရေးဆရာ Oscar Wilde က" အတွေ့အကြုံဆိုတာ ကျွန်တော်တို့ရဲ့အမှားတွေတွက် နံမယ်တပ်လိုက်ခြင်းဖြစ်တယ်" လို့ပြောခဲ့တယ်။

အတွေ့အကြုံက ကျွန်မတို့ကို သင်ခန်းစာတွေပေးနေပါတယ်။ ဘ၀အတွေ့ကြုံက သင်ခန်းစာတွေယူရင်း သတိရသင့်တဲ့အချက်(၅)ချက်ကတော့...


၁။ အတိတ်ကို ပြန်လည်ဆန်းစစ်ပါ- အတွေ့ကြုံကနေ သင်ကြားဖို့အတွက်၊ အတိတ်မှာဘာလုပ်ခဲ့လဲဆိုတာကို သတိရသင့်တယ်။ ဘာလို့ဆိုတော့ အတိတ်ကကိုယ်ပြုလုပ်ခဲ့တဲ့အရာတွေက အနာဂတ်တွက်လမ်းညွန်ဆရာတွေဖြစ်ပါတယ်။

၂။ အတိတ်ကို စွန့်လွတ်လိုက်ပါ။ - အတိတ်ဆိုတာအတိတ်ပဲဖြစ်တဲ့တွက် ပြီးသွားပါပြီ။ လက်ရှိဘ၀မှာမနေပဲ အတိတ်ကိုစွန့်လွတ်မလွတ်နိုင်၊ တစွဲတမြဲဖက်တွယ်ထားတာဟာ မှားပြန်ပါတယ်။ အတိတ်ကိုအရမ်းဖက်တွယ်ထားပြီး အတိတ်ကလို ငါကျရှုံးခဲ့တယ်၊အဆင်မပြေခဲ့ဘူး ဆိုတဲ့အတွေးတွေသာခေါင်းထဲမှာစွဲနေမယ်ဆိုရင် ဘယ်တော့မှလက်ရှိဘ၀ကိုတိုးတက်အောင် လုပ်နိုင်တော့မှာမဟုတ်ဘူး။

၃။ ဘယ်တော့မှ အမှားတစ်ခုကို နှစ်ကြိမ်မလုပ်မိစေနဲ့။- ပထမအမှားနဲ့တင် သင်ခန်းစာရပြီးနောက်ထပ်ဒီအမှားကိုမလုပ်မိဖို့ ဆုံးဖြတ်ပါ။ အမှားတစ်ခုကို(same mistake) ထပ်ခါ၊ထပ်ခါမှားနေမယ်ဆိုရင် သင့်ရဲ့အတွေ့အကြုံဟာအလကားဖြစ်ပါတယ်။

၎။ အတွေ့ကြုံမှ အပြည့်ဝရယူခြင်း။- အတွေ့ကြုံသစ်တွေကြုံတဲ့အခါ analysing လုပ်ဖို့ အချိန်အများကြီးယူမဲ့အစား ခုကြုံနေတဲ့အတွေ့အကြုံကိုအပြည့်အ၀ခံစားလိုက်ပါ။ ပြီးတော့မှ သင်ခန်းစာရှိခဲ့ရင်သင်ယူပြီး၊ လေ့လာဖို့အချိန်ယူပါ။

၅။ ဘ၀ကို အဆုံးထိခံစားတွေ့ကြုံပါ။- ဘ၀ဆိုတာ သာမန်ဖြစ်ရပ်တွေ၊ အဖြစ်အပျက်တွေပဲ မဟုတ်ဘူး။ ဘ၀ဆိုတာ သင်ဘယ်သူလဲနှင့်ဘာလုပ်ခဲ့လဲဆိုတာ စုပေါင်းထားတာဖြစ်တယ်။ ဘ၀ကို နေပျော်ဖို့ဆိုတာ တခါတလေတင်းတိမ်ရောင့်ရဲတက်တဲ့ စိတ်ရှိဖို့လိုအပ်တယ်။ ပြီးတော့ အခွင့်အလမ်းတွေကို ရှာဖွေဖို့၊ အတွေကြုံသစ်တွေကို ခံစားဖို့၊ နှိမ့်ချတက်ဖို့၊ ကျေးဇူးသိစိတ်ရှိဖို့ စသည်ဖြင့်လိုအပ်ပါတယ် ။



Read More...

21 May 2008

ရောက်လာပြန်ဘီ...တနွေ။


နေ့တစ်နေ့ရဲ့  အပိုင်းကဏဏ္ဍမှာ ကျွန်မအနှစ်သက်ဆုံးအချိန်က မနက်ခင်းဖြစ်မယ်ထင်တယ်။ ရွှေဝါရောင်နေရောင်ခြည်နွေးနွေး ဖြန်းမိုးထားတဲ့ မနက်ခင်းဟာ အမြဲလှပနေတက်တယ်။ ကျွန်မအိပ်ခန်းပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်ရင် ညီညီညာညာဖြတ်ထားတဲ့ မြက်ခင်းစိမ်းစိမ်းပေါ်မှာ နှင်းစက်လေးတွေတွဲခိုနေရတာမြင်ရတယ်။ ပြီးတော့ ခြံထဲမှာ အစွမ်းကုန်ပွင့်နေကြတဲ့ နှင်းဆီပန်း အဖြူပွင့်ကြီးတွေ၊ အမည်မသိ ရိုးတံရှည်ရှည်ပန်းနီနီရဲရဲလေးတွေက မနက်ခင်းအလှကို ပိုပြည့်စုံစေသလိုပဲ။

နွေရာသီရောက်လာပြန်ပါပြီ။ ကျွန်မခေါင်းထဲမှာ နွေရာသီတွက် စီမံကိန်းရေးဆွဲလို့ တန်းလန်းကြီးနဲ့။ မနှစ်ကလို ဆေးရုံမှာVolunteer သွားလုပ်ရင်ကောင်းမလား ?။ မနှစ်က ကျွန်မ Student Volunteer အဖြစ် ဆေးရုံမှာတစ်နွေလုံးသွားအလုပ်လုပ်ခဲ့တာ အင်မတန်တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ဒါပေမဲ့ ဒီနှစ်နွေတော့ ကားမောင်းတက်သွားအောင်အပြီးသင်ချင်စိတ်ပြင်းပျမိတယ်။ အဲ.. School Yearbook တွက် စီနီယာဓါတ်ပုံရိုက်ဖို့ appointment ၊ Dentist's appointment၊ခရီးထွက်ဖို့၊ နွေရာသီတွင်း ရှိမည့်မင်္ဂလာဆောင်ပွဲများ၊ ကောလိပ်ကျောင်းများရှာဖွေရန် နှင့် campusသွားလေ့လာဖို့ အစီစဉ်ဆွဲရန်၊ Summer Homework assigmentsလုပ်ရန် (သချာင်္ဆိုပုဒ်၁၈၆ ပုဒ်တွက်ရန်တဲ့ ..Dang!) ၊ စာမေးပွဲတွက် ပြင်ဆင်ရန်၊ အဲ... ဆိုင်မှာ အလုပ်ဝင်ရန်...။ တွေးရင်း..တွေးရင်းနဲ့ ကျွန်မခေါင်းစားသွားသလို လိမ္မော်ရည်လေးမော့သောက်ချလိုက်မိတယ်။

ကျွန်မတို့ကို ဖိတ်ကြားထားတဲ့ Graduation ပွဲတက်ရန် cardလေးဘာလေးဝယ်မှဆိုပြီး စတိုးကိုထွက်လာခဲ့တယ်။ နေကပူနေတော့ ဈေးဝယ်ထွက်လာသူတွေဝတ်ထားတာက လက်ပြတ်၊ ဘောင်းဘီတိုတွေများနေခဲ့တယ်။ ကျွန်မလည်း ဆိုင်ထဲမှာ ဟိုငေးဒီငေးနဲ့ ကြည့်ရင်း အမှတ်မထင်လူတစ်ယောက်ကိုအဝေးကလှမ်းမြင်လိုက်ရတယ်။ မနှစ်နွေရာသီတုန်းကပေါ့။ ကျွန်မ သူငယ်ချင်းမိသားစုနှင့်အတူ Tang Soo Do ပြိုင်ပွဲကို တခြားစတိတ်မှာသွားရောက်ကြည့်ရူခဲ့ပါတယ်။ သူငယ်ချင်းတို့အိမ်မှာ တညအိပ်ပြီး သူတို့နဲ့မနက်စောစောခရီးထွက်ခဲ့ကြတယ်။ ကျွန်မတို့အုပ်စုထဲက ၀င်ပြိုင်မဲ့သူတွေထဲမှာ ခါးပတ်နက်ပိုင်ရှင်၊ မျက်လုံးပြာပြာ၊နံဖူးတ၀ိုက်မှာ လိုင်းလိုဝဲကျနေတဲ့ရွှေဝါရောင်ဆံပင်နဲ့ ကျွန်မတို့ထက် နှစ်နှစ်ပိုငယ်တဲ့ကောင်လေးတစ်ယောက်လည်းပါဝင်ခဲ့တယ်။ သူ့ကို ချစ်စနိုးနဲ့ Hallလို့ပဲအတိုကောက် ခေါ်ကြတာပါ။

ပြုံးလိုက်ရင် ချစ်စရာပါးချိုင့်လေးပါသလို၊ သဘောဖြူဖြူ၊ Tang Soo Doမှာ ခါးပတ်နက်ပိုင်ရှင်လည်းဖြစ်တော့ အုပ်စုထဲမှာအားလုံးက ၀ိုင်းခင်နေကြတာလေ။ ပြိုင်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတော့ကောင်းပါတယ်။ ရောင်စုံယူနီဖောင်းတွေဝတ်ထားတဲ့အဖွဲ့တွေ ၊ မိန်းကလေးရော၊ ယောကျာင်္းလေးရော၊ ကလေးလေးတွေရော...စိတ်ဝင်စားစရာပြိုင်ပွဲမျိုးစုံပြိုင်နေကြတာပဲ။ ပြိုင်ပွဲဝင်တော့ ကျွန်မတို့အဖွဲ့လူတွေက ဆုတွေ သူ့ကိုယ်စီသူရရှိပြီးဖြစ်နေပြီ။ နောက်ဆုံးပွဲက ယောကျာင်္လေးတွေ တစ်ဦးလိုက်ချင်းချတဲ့အလှည့်၊ Hallက ပြိုင်ပွဲဝင်တွေထဲမှာ အသက်ငယ်ဆုံးနှင့် ကိုယ်လုံးအသေးဆုံး ဆိုတော့ ကျွန်မတို့အားလုံးစိတ်ပူနေကြတယ်။ ဒါနဲ့ သူ့ကိုကျွန်မတို့အုပ်စု အသံကျယ်ကြီးတွေနဲ့အော်ဟစ်အားပေးကြတာ ဘေးကလူတွေတောင်အမြင်ကတ်နေဘီ။ အဲဒီမှာ ကျွန်မတို့ရွယ်တူကောင်လေးတစ်ယောက်က ကျွန်မတို့ဘက်ကို ကြည့်နေတဲ့အမြင်ကတ်ဟန်မျက်လုံးတွေ နဲ့ ကျွန်မရဲ့ အကြည့်စူးတွေ ရုတ်တရက်တိုက်ဆိုင်သွားတယ်။ ဘယ်ရမလဲ။ ကျွန်မလည်း အရွဲ့တိုက်ပြီး ပိုအော်ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Hallက နံပါတ် ၃ အဆင့်နဲ့ ကျေနပ်လိုက်ပြီး အဲဒီကောင်လေးက နံပါတ်တစ်နဲ့ အနိုင်ရရှိသွားခဲ့တယ်။ ပြိုင်ပွဲအပြီးမှာ ကျွန်မတို့လည်းကိုယ့်လူကိုကိုယ်အားပေးအလုပ်ရှုပ်နေကြတဲ့အချိန်မှာ အဲဒီလူက သူ့ဖလားကြီးကိုင်ပြီး သူငယ်ချင်းဖြစ်သူနဲ့ ထွက်လာတာမြင်ရတယ် ။ ကျွန်မက အခဲမကြေစတိုင်ကိုင်ထားပေမဲ့ မထင်မှတ်ပဲ ကျွန်မကို ပြုံးပြသွားတော့ အယောင်အမှားနဲ့ ပြန်ပြုံးပြလိုက်မိတယ်။ ရယ်ဖို့တော့ကောင်းတယ်။ ဒါပေမဲ့ Peaceဖြစ်သွားတယ်ဆိုတဲ့ သဘောသက်ရောက်သွားတာ ပေါ့နော်။

ကျွန်မသေချာကြည့်လိုက်တော့ စတိုးဆိုင်ထဲမှာ လူတစ်ယောက်နဲ့ စကားပြောရပ်၊ ရယ်မောနေတဲ့ Hall ကို မျက်နှာတစောင်းကနေ လှမ်းတွေ့လိုက်ရတယ်။ တစ်နှစ်အတွင်းမှာ အင်မတန်မြင့်မားလာတဲ့ သူ့အရပ်က တနှစ်ကုန်လည်းထွက်မလာတော့တဲ့ ကျွန်မအရပ်တွေကို ပိုပုစေသလို ခံစားလိုက်မိတယ်။ ကိုယ့်ထက်ငယ်တဲ့သူတွေ ကိုယ့်မျက်စိမှောက်တွင်းထဲမှာ ထွားလာတာကို ကျွန်မမြင်ရတိုင်း ထုံးစံအတိုင်း ရေရွတ်မိပြန်တာက "အင်း....ငါတနေ့တခြားပိုအိုလာဘီ"။ :D

: welcome to 2009 summer =)



Read More...

20 May 2008

စာမေးပွဲခန်းထဲက သချာင်္ကျောင်းသားများဧ။်အဖြေလွှာများ

ကြာတော့ကြာပါပြီ။ သူငယ်ချင်းတစ်ယောက်ရဲ့ Forward mail မှ ကျွန်မတဆင့်ရရှိခဲ့တဲ့ ပုံလေးတွေဖြစ်ပါတယ်။ ပုံကိုသေချာဖတ်ကြည့်ရင် ရယ်စရာကောင်းတာတွေ့ ရပါလိမ့်မယ်။ :P



၁။


၂။


၃။


၎။


၅။


၆။


၇။

Read More...

19 May 2008

အချိန်တိုတိုနဲ့အကျိုးရှိရှိ စာဖတ်ရအောင်...


ကျွန်မသိခဲ့တဲ့စာအုပ်ဖတ်နည်းဆိုတာ စာအုပ်တစ်အုပ်ကိုကောက်ပြီး အစကနေအဆုံးအထိ စာမျက်နှာတရွက်ချင်းတရွက်လှန်ဖတ်တာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ဒီနည်းလမ်းဟာ စာအုပ်တွေအများကြီးကိုအချိန်တိုတိုအတွင်းမှာအကုန်ဖတ်ရန်ဖြစ်လာတဲ့အခါ အသုံးမကျတော့ဘူး။ ကော်လိပ်ကျောင်းစာများတွက်ဖြစ်ဖြစ်၊ ပြင်ပစာပေများတွက်တွက်ဖြစ်ဖြစ် အချိန်တိုတိုနဲ့အကျိုးရှိရှိ စာအုပ်တစ်အုပ်ဖတ်ဖို့နည်းလမ်းကို ကျွန်မသင်ကြားနားလည်ခဲ့သလို သိသလောက်ပြန်မျှဝေလိုပါတယ်။

၁။ ခေါင်းစဉ်ကို အရင်ဆုံးဖတ်ကြည့်ပါ။

စာအုပ်ရဲ့ခေါင်းစဉ်ဆိုတာ စာရေးဆရာကသူရေးသားခဲ့တဲ့အကြောင်းအရာကို အတိုချဉ်းပြီးနာမယ်ပေးခဲ့တာဖြစ်ပါတယ်။ ခေါင်းစဉ်က စာဖတ်သူကို ဒီစာအုပ်တဲ့မှာပါတဲ့အဓိကသော့ချက်ကို အရိပ်ပြတာဖြစ်ပြီး စာအုပ်ထဲမှာခေါင်းစဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုမြင်ရင် ဂရုတစိုက်ဖတ်ပေးသင့်ပါတယ်။

၂။ စာရေးသူရဲ့  အတ္ထုပွှတ္တိအကျဉ်းချူံးကိုလှန်ကြည့်ပါ။

စာရေးသူရဲ့  ကိုယ်ရေးရာဇ၀င်အတိုချဉ်းရေးထားတာကို ဖတ်ကြည့်တဲ့အခါ ဒီလူဟာဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာကို သိနိုင်ပြီး ဒီလိုလူမျိုးဖြစ်တဲ့အတွက် ဒီလိုအတွေးခေါ်တွေပါတဲ့ စာပေတွေကိုရေးတယ်ဆိုတာကို သိရပါမယ်။ အဲဒီအခါ သူ့စာအုပ်ကိုဖတ်ခြင်းအားဖြင့် ဘယ်လိုအတွေးတွေရနိုင်လဲဆိုတာကို ဆန်းစစ်လာနိုင်ပါတယ်။

တချို့  စာအုပ်တွေမှာကျတော့ စာရေးသူရဲ့ ရာဇ၀င်မရှိဘူး။ ဒါပေမဲ့ စာရေးသူနှင့်စာအုပ်အပေါ် တခြားသူတွေရဲ့မှတ်ချက်တွေရေးသားထားကိုဖတ်ရှူ့ကြည့်နိုင်ပါတယ်။

စာရေးသူအကြောင်းဖတ်ပြီးတဲ့အခါ စာအုပ်နောက်ကျောမှာ ဇတ်လမ်းသို့ စာအုပ်အကြောင်းအတိုချဉ်းရှင်းပြထားတာတွေ့ရင် ဖတ်ဖို့မမေ့ပါနဲ့။ အဲဒီအတိုချဉ်းကိုဖတ်ခြင်းအားဖြင့် ဒီစာအုပ်မှာဘာအကြောင်းအရာပါလဲဆိုတာကို အလွယ်နည်းနဲ့သိနိုင်ပါတယ်။

၃။ အတွင်းပိုင်းကိုသေချာမဖတ်ခင် မာတိကာကိုကြည့်ပါ။
မာတိကာဆိုတာ စားသောက်ဆိုင်မှာပေးတဲ့မီနူးတွေနဲ့ တူပါတယ်။ စာအုပ်ထဲမှာ စာရေးသူကဆွေးနွေးပြောပြလိုတဲ့အကြောင်းအရာတွေကို ကဏ္ဍတွေဖြင့်ခွဲခြားထားတာဖြစ်တယ်။ မာတိကာကိုဖတ်တာနဲ့ ဒီအခန်းကဏ္ဍမှာ စာရေးသူပြောလိုတာအချက်အလက်က "ဒါပဲ"ဆိုတာကို သိရှိနိုင်ပါတယ်။

၎။ အဓိကအချက်အလက်ကို ရှာဖွေပါ။

စာဖတ်တဲ့အခါ အကုန်လိုက်ဖတ်နေစရာမလိုပါဘူး။ စာရေးသူက နိဒါန်း၊ စာကိုယ် နှင့် နိဂုံးဆိုပြီး အပိုင်း (၃)ပိုင်းခြားထားပါတယ်။ ပထမဆုံးစာကြောင်းတွေမှာ သူပြောလိုတဲ့အကြာင်းအရာကို စာရေးသူကမိတ်ဆက်ပေးပါတယ်။ ဒီတော့စာပိုဒ်ကိုဖတ်တဲ့အခါ ပထမဆုံးတစ်ကြောင်း၊နှစ်ကြောင်းကို ဂရုတစိုက်ဖတ်ပေးပါ။ စာပိုဒ်ရဲ့ အလယ် သို့ စာကိုယ်မှာတော့ စာရေးသူက စကားတန်ဆာခံပြီး သူပြောလိုတဲ့အကြောင်းအရာက စကားလုံးတွေနဲ့ ခြယ်မှုန်းတာဖြစ်တဲ့အတွက် မဖတ်လည်းအရေးမကြီးဘူး။ အဲ...နောက်ဆုံးစာကြောင်းတွေမှာတော့ စာကိုယ်ထဲကသူရေးထားတဲ့အကြာင်းရာကို အတိုချဉ်းပြီး အဓိကအချက်အလက်တွေကို နိဂုံးအဖြစ်ရေးတာဖြစ်တဲ့အတွက် နောက်ဆုံးစာကြောင်းတွေကို သေချာဖတ်ဖို့လိုပါတယ်။

စာအုပ်အခန်း(Chapter/section)တွေမှာလည်း အစပိုင်းနဲ့ နောက်ဆုံးပိုင်းကို အဓိကထားပြီးဖတ်ပေးပါက စာတကြောင်းမကျလိုက်ဖတ်နေသူနဲ့ အကျိုးရရှိမှုက အတူတူဖြစ်မှာပဲ။

၅။ စာရေးသူရဲ့  ရည်ရွယ်ချက်ကို အမြဲသတိရပါ။

စာဖတ်တဲ့အခါ လုံးဝမမေ့သင့်တဲ့အရာက စာရေးသူရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ စာအုပ်ကိုဖတ်ပြီးတဲ့အခါ စာရေးသူရဲ့  ရည်ရွယ်ချက် နှင့် စာရေးသူက စာဖတ်သူလိုပြောပြလိုတဲ့အဓိကအချက်(သို့ message) ကို မဖမ်းဆုပ်နိုင်၊ အဖြေမပေးနိုင်။မသိရင် စာဖတ်တာအလကားပဲဖြစ်ပါတယ်။ စာဖတ်ရင်းနဲ့ စိတ်ထဲမှာ ဒီစာရေးဆရာက ဘာရည်ရွယ်ချက်နဲ့ဒီစာကိုရေးသားခဲ့လဲဆိုတာ အမြဲကိုယ့်ကိုကိုယ်ပြန်မေးသင့်ပါတယ်။

၆။ ပြန်မေးခွန်းထုတ်ပါ။ ဝေဖန်ပါ။

စာဖတ်တဲ့အခါ စာရေးသူရဲ့  ဆိုလိုရင်း၊ ရည်ရွယ်ချက်တွေကိုပဲ ရရှိယုံမလုံလောက်ပါဘူး။ စာအုပ်ဖတ်ပြီးတဲ့အခါ ဖတ်ခဲ့တဲ့အကြောင်းအရာကို မေးခွန်းထုတ်ပါ။ ဝေဖန်ပါ။ ပြီးတော့ " ဒီစာအုပ်ဟာ စာရေးသူရဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေသလား။ စာအုပ်ရဲ့ အားသားချက် နှင့် အားနည်းချက်က ဘာတွေလဲ။ ငါသာ ဒီစာအုပ်ကိုရေးခဲ့မယ်ဆိုရင် ဘယ်လိုရေးမှာလဲ။" စတဲ့ မေးခွန်းတွေကိုယ့်ဖာသာမေးပြီး ပြန်ဖြေဖို့လည်း အရေးကြီးတယ်။ အဲလိုလုပ်ခြင်းအားဖြင့် စာဖတ်တဲ့အခါ စာရေးသူပြောတဲ့အတိုင်း ကမှအအထိအကုန်သဘောတူခေါင်းညိတ်စ၇ာမလိုပဲ ကိုယ်ပိုင်ဦးနှောက်နဲ့ချင့်ချိန်တွေးကြည့်ခြင်းဖြစ်ပြီး ကိုယ့်ရဲ့စာဖတ်အကဲဖြတ်စွမ်းရည်ကိုလည်း စူးရှထက်မြက်စေပါတယ်။


အားလုံးတွက် အကျိုးရှိတဲ့ ပိုစ်လေးဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။



ှSimilar Posts:

ဘာသာစကားသင်မယ်ဆိုရင်...

ဝင်ခွင့်အခက်ခဲဆုံးကျောင်းများ...

Read More...

16 May 2008

lil hamster & his precious popcorn

Hamster ကလေးလေး တစ်ကောင် ပေါက်ပေါက်ဆုပ် အသည်းအမဲ စားနေတာကို ရိုက်ထားတဲ့ ဗီဒီယိုပါ။ It's very cute to see how that lil hamster was trying to eat it all up even when someone was messing with him. He just couldn't give it up. So cute! Lol.






Read More...

Presentationနေ့(Life updateD*)

အဲဒီနေ့က ..... လှုပ်လှုပ်ရွရွခန်းမထဲတွင် ငြိမ်သက်စွာကျွန်မထိုင်နေမိသည်။ စာမေးပွဲတွေဧ။်အလဲထိုးသတ်ပွဲ နှင့် သေးသေးငယ်ငယ်ထဲကျွန်မဦးနှောက်ထဲ အချက်အလက်ဖိုင်တွဲကြီးများပစ်သွင်းထည့်ပေးလိုက်တဲ့ ဆရာတွေလက်ချက်ကြောင့် ဟန်ချက်မညီတညီနဲ့ခေါင်းကခပ်ယိုင်ယိုင်ရယ်။


စင်ပေါ်တွင်ရပ်နေသော ဂီတာတလက်နဲ့အရပ်ခပ်မြင့်မြင့်ကောင်လေးတယောက်နဲ့ ပန်းချီဆေးရည်ပေကျံနေသည့်အကျီင်္ရှပ်အဖြူဝတ်ဆင်ထားသည့် အညိုရောင်ဦးထုပ်စောင်းထားသော အရပ်ပုပုကောင်မလေးတို့ကို မှုန်စုံဖွားမျက်လုံးများဖြင့်ကျွန်မကြည့်လိုက်သည်။ ခန်းမထဲတွင် စကားဖွစိဖွစိပြောနေသည့်အသံများကလည်း ရုတ်တရက်ငြိမ်သက်သွားသလို မျက်လုံးများက Presentationလုပ်မဲ့ထိုသူနှစ်ယောက်ဆီကိုရောက်သွားသည်။ ကျွန်မတို့ အင်္ဂလိပ်စာပေအတန်းမှာ နောက်ဆုံးအမှတ်အတွက် Presentation လုပ်ရတဲ့အခမ်းအနားတစ်ခုပေါ့လေ။

ဂီတာသံ နဲ့တူ သူမရဲ့ ရေးစပ်ထားတဲ့ စာပေကဗျာကို ပုံပြင်တစ်ပုဒ်ပမာ သူမစတင်ရွတ်ဆိုသည်။ သူမရဲ့ ရွှေဝါရောင်သန်းခါနီး ဆံပင်က ဦးထုပ်အောက်မှ ဟိုတစ၊ဒီတစထိုးထွက်နေပြီး သူမရဲ့လှုပ်ရှားနေလက်များက စကားလုံးများနဲ့အတူလေထဲပျံဝဲခဲ့သည်။ အာရှသားချင်းအတူတူ လည်ပင်းတ၀ိုက်မှာ စည်းထားတဲ့ပုဝါလိုလို အ၀တ်စ၊ အမြဲတမ်းဆေးပေကျံသော အ၀တ်အစားများ၊အမြဲလိုလိုကိုင်ထားတဲ့sketchစာအုပ် နှင့် သူမရဲ့စတိုင်၊ သူမဟန်ပန်တွေက အမြဲတမူထူးခြားနေတက်သည်။ သူမဆွဲခြယ်ထားသည့် ပန်းချီကားများကို ကျွန်မမြင်ဖူးသလို သူမရဲ့အရည်အချင်းကို ကျွန်မချီးကျူးပါသည်။ သူမကတော့ ပန်းချီဆရာ ၊ အနုပညာရှင်။ သူမရဲ့ expression ကို world ကိုပြသရန် ဘယ်တော့မှဝန်မလေးတက်တဲ့လူမျိုး။

သူမအပြီးမှာ ရုတ်တရက်ခန်းမတစ်ခုလုံးအမှောင်ကျသွားခဲ့သည်။ ပြီးတော့ Screenကြီးပေါ်မှာ ပေါ်လာတာက နောက်တယောက်တင်ပြမဲ့သူရဲ့ အမှတ်တရအတွေ့အကြုံတစ်ခုကို ဗီဒီယိုဓါတ်ပုံမှတ်တမ်းလုပ်ထားတဲ့ အရာ။ အနက်ရောင်screenပေါ်တွင် အဖြူရောင်စကားလုံးများ "ကျွန်တော် မေ့မရတဲ့အတွေ့ကြုံတစ်ခုကတော့..." ဟူရ်ျတဖျတ်ဖျတ်စာတန်းထိုးလာသည်။ ပြီးတော့ ကားမောင်းသံ ကျယ်ကြီးပေါ်လာပြီး စိတ်လှုပ်ရှားစရာကောင်းသည့်တီးလုံးများနောက်ဆက်တွဲထွက်လာသည်။ သီချင်းသံနှင့်အတူ သူရဲ့တန်ဖိုးကြီးကားလှလှတစ်လုံးပိုင်ဆိုင်ခွင့်ရခဲ့သည့်နေ့အကြောင်းကို တင်ဆက်သွားသည်။

ရာသီဥတုက မှုန်မှိုင်းမှိုင်းနဲ့ တမျိုးလွမ်းစရာကောင်းနေသည်။ ကျောင်းပြီးသွားကြတဲ့စီနီယာတွေရဲ့  လစ်ဟာမှုကြောင့် ကျွန်မတို့ကျောင်းကြီးက အရမ်းခြောက်ကပ်နေသလိုထင်ရပါသည်။နေ့စဉ်မြင်တွေ့နေရတဲ့၊ ဖြတ်သန်းဆုံစည်းမိတဲ့ အကိုကြီး၊ အမကြီးတွေ မျက်နှာ မမြင်ရတော့မှာက တမျိုး အားငယ်ဖို့ကောင်းသလိုပဲ။ သူတို့နောက်ဆုံးကျောင်းလာတက်သောနေ့က ဆရာ၊မတွေကို ဆေးတွေဖြန်း၊လိုက်စကြတဲ့ သူတို့တွေကိုကြည့်ပြီးရယ်လည်းရယ်ရ၊ ၀မ်းနည်းစရာလည်းကောင်းသည့် ခံစားချက်နှစ်မျိုးရောထွေးခဲ့သည်။


အဲလို ခံစားချက်တွေနဲ့ထူပူနေချိန်မှာပဲ စာမေးပွဲကြီးများ၊ စာမေးပွဲသေးများအစုအပြုံလိုက် တပုံကြီးဖြေခိုင်းသော ဆရာ၊မများက တမျိုး။ Organic Chemistryကို နှစ်ရက်အပြီးသင်ပြီး စာမေးပွဲဖြေခိုင်းရန်ပြင်ဆင်နေတဲ့ မျက်လုံးစိမ်းစိမ်းဆရာမရဲ့ရက်စက်ချက်ကတော့ ကမ်းကုန်ပဲ။ ကျောင်းသင်ပုန်းဖြူဖြူပေါ်မှာ ဟိုခြစ်ဒီခြစ်ရေးရင်းရှင်းပြနေတဲ့သူမစကားသံအောက်မှာ ကျွန်မနားမလည်နိုင်စွာ ငေးကြည့်နေမိခဲ့တယ်။ အဲဒီအချိန်မှာတော့ ငါကို ဂရိလိုလာပြောတာနဲ့အတူတူပဲ...ငါဘယ်လိုမတက်နိုင်ဘူး ဆိုတဲ့အတွေးတွေကြောင့် ကျွန်မတုန်ခါသွားခဲ့တယ်။


(စိတ်တိုတိုနဲ့ ရှုပ်ပွနေတဲ့ကျွန်မစာကြည့်စားပွဲပေါ်က Chemistry စာရွက်ကို ဖျတ်ကနဲ ပုံကူးလိုက်တာပါ။ "ပျော်ဖို့မကောင်းဘူး"ဆိုတဲ့ နှတ်ကဒ်လေးကိုကြည့်ပြီး ဘယ်လောက်စိတ်အားထက်သန်လဲဆိုတာကိုသာ ကြည့်တော့..... ဟိဟိ)

ကျွန်မအတွေးကိုလှုပ်နိုးလိုက်တာက စင်ပေါ်တက်လာသောနောက်လူနှစ်ယောက်။ သူတို့ထွင်ထားသော ကျွန်မတို့လေ့လာခဲ့သည့်ဝတ္တုတစ်ပုဒ်ကိုအခြေခံထားသည့် ဂိမ်းကို တင်ဆက်ပြန်သည်။ ကစားနည်းအကြောင်း နှင့် ကစားပွဲစည်းကမ်းများကို ရှင်းလင်းပြောပြပြီး ၅မိနစ်ကြာ ကစားပြသွားသည်။ ဆံပင်ရှည်ရှည်ကိုယ်တော်များအုပ်စုကလည်း အီလက်တရစ်ဂီတာကိုယ်စီကိုင်ပြီး ကျွန်မတို့သင်ကြားခဲ့သည့်စာပေတခုပေါ်အခြေခံပြီးသူတို့ရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ကို အော်ဟစ်သွားကြသည်။ သီချင်းစာသားထက် သူတို့ဧ။်ဂီတံသံကျယ်ကျယ်ကိုသာ ကျွန်မပိုကြားရထင်ပါသည်။

ပြီးတော့ အရမ်းစကားနည်းအေးတက်သည့် ကောင်မလေးတစ်ယောက်က စာပေပေါ်အခြေခံထားသည့် သူမရဲ့ ဆေးရောင်စုံ ပန်းချီကားတစ်ခုကိုပြပြီး ရှင်းလင်းပြောဆိုသွားသည်။ ပန်းချီကားကိုငေးကြည့်ရင်း ကျွန်မအတွေးက မနေ့ညဖြေလိုက်ရသည့်သချာင်္မေးခွန်းဆီကို ရောက်သွားပြန်သည်။

"မနက်ဖြန်မင်းတို့မှာ Quizz အကြီးအကျယ်ရှိတယ်။ နှစ်စကနေ နှစ်ဆုံးအထိသင်ထားတာတွေကနေ မေးခွန်းထုတ်မေးမယ်။ BE PREPARE!" ဆိုတဲ့ သချာင်္ဆရာရဲ့ ကျောင်းမဆင်းမှီ အမှာစကားကြောင့် ကျွန်မမျက်လုံးပြူးရပြန်သည်။ အိမ်ရောက်ရောက်ချင်း ဖတ်စာအုပ်နှင့်ရေးခြစ်ထားတဲ့ မှတ်စုအားလုံးအမြန်ဖွင့်ပြီးကြည့်ပါသည်။ သို့သော် သင်ထားတာများလွန်းရ်ျ တ၀ှက်မပြီးခင်မှာပဲ ကျွန်မအိပ်ပျော်သွားခဲ့သည်။ နောက်နေ့ရောက်တော့ ကျွန်မအပါအ၀င် အတန်းသားများတကျွတ်ကျွတ်အော်ရင်း Quizzဖြေလိုက်ရကြသည်။

ပန်းချီကားအပြီးမှာ ကွန်ပြူတာနဲ့ ကိုယ်ပိုင်တီးလုံးဖေါ်စပ်ပြီး ဖျော်ဖြေမဲ့ဟစ်ဟော့rapperနှစ်ယောက် အလှည့်ဖြစ်သည်။ ကောင်လေးကတော့ တီးလုံးနဲ့အလိုက် လှုပ်လိုက်ကလိုက် Rapလိုက်လုပ်နေပေမဲ့ ကောင်မလေး က ခပ်ရှက်ရှက်ရယ်...။ စင်ပေါ်ဆင်းပြီးတဲ့နောက်မှာ သူမကို ခံစားချက်နဲ့မဆိုဖူးဆိုကာ သူစိတ်ဆိုးထွက်သွားတာကို ကျွန်မလှမ်းမြင်လိုက်ရသည်။

ှုIdeaကောင်းကောင်းတင်ဆက်သွားတဲ့ သူများတွေဖျော်ဖြေမှုကိုကြည့်ပြီး ကျွန်မတို့အလှည့်ရောက်မှာကို ကျွန်မစိုးရိမ်လာမိသည်။်ဘေးနားက ထိုင်နေသည့်သူငယ်ချင်းကို "သူများတွေအရမ်းကောင်းတာပဲ"ဟု ပြောပြမိတော့ သူမက အားနည်းစွာပြန်ပြုံးပြသည်။ စာမေးပွဲတွေနဲ့ တစက်မှမနားလိုက်ရသည့်ကျွန်မတို့နှစ်ယောက်၊ Powerpoint Presentationကိုသာ ကပျာကယာအမြန်လုပ်ထားပြီး လူအုပ်ရှေ့မှာ မိန့်ခွန်းပြောရန် အဆင်သင့်ဖြစ်မနေသေးကြပါ။ တွေးရင်းနဲ့ ကျွန်မချွေးစေးပြန်လာသည်။

တီိ.......။
ခေါင်းလောင်းသံကြောင့် ကျွန်မစိတ်လွတ်လပ်ပေါ့ပါးသွားခဲ့သည်။ လွယ်အိတ်ကိုကောက်ပြီး ပြောလိုက်တာတခွန်းတည်းရယ်...။
"သွားစို့.."

Read More...